ဒို့ တိုင်းဌာနီ
မကွေးတိုင်းဆီမှ
ပြည်ချစ်သားကောင်း
အာဇာနည်လောင်းကို
တို့ ရဲ့ အမေစု မွေးခဲ့ ပြီ………….

ငယ်စဉ်ကအဟုတ်
မုသာဝါဒ အလုပ်ကို
ကလေးဘ၀ကတည်းကရွံမုန်း
မွေးရာပါထုံးပြလို့ 
“အမကလိမ်ပြောတာကိုး” လို့ 
တို့ ရဲ့ အမေစုကိုပြောခဲ့ပြီ……………

ကြီးပြင်းလို့ အရွယ်ရောက်
ငယ်နာမည် “ထိန်လင်း”ပျောက်လို့ 
အစ်ကိုအောင်သန်းနဲ့ အမည်
ကာရံညီစေရန်
စနေသားလေးကိုမှည့်ခေါ်
“အောင်ဆန်း” တွင်စေသော်ဟု
တို့ ရဲ့ အမေစု အမည်တစ်ခုပေးခဲ့ ပြီ…………

သခင်အောင်ဆန်း
အယ်ဒီတာအောင်ဆန်းဟု
ကျင်လည်ရာဘ၀မျိုးစုံ
ဒုက္ခအဖုံဖုံကို
မငြီးမညူ ကျော်ဖြတ်
ဂျစ်ကန်ကန်ဖက်လို့ 
အမေစုရဲ့ သားအောင်ဆန်း
ဟိုင်နန်ကျွန်းသို့ ယွန်းလေပြီ……………

တေဇ အမည်ခံ
ဟိုင်နန်အပြန်မှာ
တိုက်ထုတ်မောင်းထုတ်
အမေ့သားအောင်ဆန်းရဲ့ အလုပ်ဟာလည်း
ထင်ပေါ်ကျော်ကြား
ဂျပန်ဧကရာဇ်ဘုရင်ကတောင်
“တက်နေ၀န်း” ဆု
ချီးမြှင့်ခဲ့ရသေးတယ်လေ……………

ဂျပန်ခေတ်ကုန်
အင်္ဂလိပ်ပုံအစုံစုံကိုလည်း
နေ့ ညမနားအားထုတ်
အောင်ဆန်းရဲ့ အလုပ်မှာလည်း
ယနေ့ တိုင်တွေးကြည့်
ရင်တောင်မချိပါဘူးအမေစုရယ်…………

နိုင်ငံရေးအလုပ်
ပန်းတိုင်သို့ အပြီးပို့ လို့ 
သာယာအေးချမ်း
တိုင်းရေးပြည်ရေးလမ်းတွင်
သူသူငါငါကြည်ဖြူ
နောက်တက်မည့်သူကို
အုပ်ချူပ်ရေးအာဏာအပ်နှင်း
ကှ်ျနိုင်ငံရေးလောကအတွင်းမှ
နေရာဖယ်ပေးလို သူ
အောင်ဆန်းလိုလူကို
မညှာမတာပစ်ခွင်း
လူမိုက်တစ်သင်းက
လုပ်ကြံသွားကြပြီ အမေစုရယ်……………

စာရေးဆရာဖြစ်ချင်တဲ့ အောင်ဆန်း
ပြည်သူ့ အချစ်ပန်းမှာ
အချိန်မတန်ခင်ကြွေကျ
မြေမှာခ ခဲ့ ရရှာပြီ အမေစုရယ်……………

တိုင်းပြည်ကိုချစ်
အမေစုကိုပစ်ပြီး
ကိုယ်ကျိုးကိုမကြည့်
ပြည်သူ့ အတွက်သာ
သက်သက်ကြည့်တဲ့ အောင်ဆန်း……………

ပြည်သူတွေကိုချစ်ခင်
ရန်သူမရှိဘူးထင်ပြီး
“ငါ့ကိုလုပ်ကြံမဲ့ သူရှိမယ်မထင်ပါဘူး”လို့ 
ပြောခဲ့တဲ့ အမေစုရဲ့ သားအောင်ဆန်း……………

မာန်မာနမရှိ
ရဲဘော်တွေကိုတန်းတူကြည့်ပြီး
မိမိရဲ့ အိမ်နောက်ဖေး
ကိုယ်တိုင်ပေါက်ပြားကိုင်စိုက်ပေးတဲ့ 
အမေစုရဲ့ သားအောင်ဆန်း………………

မိသားစုကိုအချစ်ကြီးပြီး
သူ့ ရဲ ဘော်တွေကိုသံယောဇဉ်ကြီးကာ
မှုံကုတ်ကုတ်နေတတ်တဲ့ 
အမေစုရဲ့ သားအောင်ဆန်း………………

မိသားစုဝင်တွေ …………………..
လုပ်ဖော်ကိုင်ဘက်တွေ…………..
မိတ်ဆွေတွေ……………………….
ရဲဘော်တွေ………………………..
ပြည်သူပြည်သားတွေ………..ကို
သူ့ မှာ ရုတ်တရက်
နှုတ်ဆက်ချိန်မရဘဲ စွန့် ခွာ
လွတ်လပ်တဲ့ဗမာပြည်ကြီးကိုတောင်
မြင်မသွားခဲ့ ရရှာပါဘူးအမေစုရယ်…………….

ဖခင်ဗိုလ်ချုပ်ကိုမေ့မရ
လွမ်းတသသနဲ့ 
မျက်ရည်ကျခဲ့ ရတယ်
သားဗမာပြည်ကြီးတောင်
ငိုနေရပြီ အမေစုရယ်…………………

သြော်…………………..
ဗိုလ်ချူပ်ကျဆုံး
နှစ်တွေကုန်ဆုံးလို့ 
( ၆၃ )နှစ်တောင်ရောက်ခဲ့ပြီနော်………..

သားတို့ ရဲ့ စိတ်
ဇူလိုင် ၁၉ ဒိတ်ကို
ထာဝစဉ်မေ့မရ
ရင်တွင်းမှာသာ ကျင်းပနေဖြစ်ပါတယ် အမေစုရယ်…………….

အမေ့ရဲ့ သားအောင်ဆန်း
ကောင်းရာ သုဂတိ လှမ်းဖို့ 
အမေစုရဲ့ မြေး ဗမာပြည်ကြီးက
ကြေးစည်သံကိုတအားထု
ကုသိုလ်တွေပေါင်းစုပြုလို့ 
အမျှဝေလိုက်ပါတယ် အမေစုရယ်……………..။

ဗိုလ်ချုပ်ကောင်းရာ သုဂတိ လားပါစေ…………….

(၆၃)နှစ်မြောက် အာဇာနည်နေ့ ကို ဂုဏ်ပြုသောအားဖြင့်…………………

စစ်ကိုင်းသား…………….

Newer Post Older Post Home