ဗိုလ်ချုပ်အောင်ဆန်း ဒေါသထွက်သောနေ


ဗိုလ်ချုပ်သည်ဘယ်ကိုမှမကြည့်ဘဲစားပွဲပေါ်တွင် စာရွက်တွေ တထွေကြီးခင်းကာ စာကုန်းရေးနေသည် ကိုတွေ့လိုက် ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ်အစားမှာ ဗိုလ်ချုပ်နှင့်ထိုက် သင့် သောစစ်ဝတ်စုံမဟုတ်ပေ။ အစိမ်း ရင့်ရောင်ရှပ်လက်တိုကို ၀တ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့်စစ်ဖိနပ်တစ်ရံကိုစီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြား ကြီးကို ပတ်ထားသည်။


စားပွဲထောင့်တစ်နေရာတွင်မြန်မာ့လွပ်လပ်ရေးတပ်မတော်ခေတ် တစ်လျှောက်လုံးဆောင်းလာသည့် ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကိုတွေ့ရသည်။ အခန်းထောင့်တွင် ဂျပန်ဓားရှည်တစ်လက်ကိုထောင် ထားသည်။ ဗိုလ်ချုပ်၏ ဆံပင်မှာဆီနှင့်ကင်းဝေးနေပြီး ဖြီးလိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ ဗိုလ်ချုပ်၏စစ် ၀တ်စုံမှာလည်း ရာသီဥတုဓာတ်ကြောင့် အဖြူရောင် ရောနှောကာဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောက်အယှက်မပေးလိုသဖြင့် ပြောလက်စ စကားကို ဆက်မပြောတော့ပေ။


သို့သော် အပြင်တွင်ပစ္စည်းသေတ္တာများသယ်ချနေသော ရုံးတာဝန်ခံ၊ပစ္စည်းထိန်းဌာနအရာရှိများ၊အကြပ်တပ်သားများ
 သည် စည်းလွတ်ဝါးလွတ် ပြောချင်ရာစကားများကို ကျယ်ကျယ်လောင်လောင်ပြောနေကြသည်။ သူတို့လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်းအလုပ်လုပ်နေသည်ကို လုံးဝသိပုံ မရပေ။ သတိပြုမိပုံလဲမရပေ။


"ဒီလောက်ကြမ်းတဲ့အ၀တ်တွေဝတ်ရတာ ကျောယားလိုက်ပါဘီကွာ။ အိမ်မှာ တုန်းက တစ်ခါမှတောင်စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ လက်တောင်မသုတ်ခဲ့တဲ့အ၀တ်ကြမ်းတွေကွာ"

ရဲဘော်တစ်ယောက်ကကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာပြောလိုက်သည်။ ဗိုလ်ချုပ်သည်စာရေးနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်ခန်းမှစစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကို နားစိုက်ထောင်နေသည်။

" ချီးမှပဲ တို့မျှော်လင့်ခဲ့သလိုစမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အ၀တ်ကြမ်း ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ" တစ်ယောက်က၀င်ပြီးပြောလိုက်သည်။ ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံးကလည်း အရောင်တွေဝင်းဝင်း တောက် ဒေါသထွက်နေသည်။


"ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီးမြို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ ဟေးတိုးတပ်သားတွေထင်ပြီး ဂျပန်တပ်က တန်းခိုင်းမှာသေချာတယ်။ မင်းတို့သာကြည့်ပြောပြပေတော့။ ဘယ်လိုအ၀တ်အစားတွေမှန်းမသိပါဘူး ကွာ။

တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်းဟာသစွက်ကာ ပြက်လုံးထုတ် လိုက်ပြန်သေးသည်။ ဗိုလ်ချုပ်သည်တွေဝေပြီးမျက်လုံးစုံမှိတ်ကာ စဉ်းစားနေသည်။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး


"ဟေ့တာရာ.....ဟိုဘက်ကစကားပြောနေတဲ့အကောင်တွေအားလုံး ငါ့ဆီအမြန်ဆုံးခေါ်ခဲ့စမ်း၊ သွားစမ်း။ မြန်မြန်ကွ" အော်ငေါက်ကာ ဗိုလ်တာရာအားလှမ်းပြီး အမိန့်ပေးသည်။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည် သူတို့ခေါင်း မီးလောင်တော့မည့်အခြေအနေကို လုံးဝမရိပ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေ ကို ဝေဖန်ရင်း ပြက်လုံးထုတ်နေ ကြသည်။


ဗိုလ်တာရာလဲတစ်ချိုးထဲသွားရောက်ကာ အခန်းတွင်း သေတ္တာကြီးများကို ဖွင့်ကာ ၀တ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့် ဗိုလ်၊ အကြပ်တပ်သား အားလုံးကိုဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏ အခန်းထဲသို့တစုတစ်ရုံး တည်းခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်းဗိုလ်ချုပ်ကိုအလေးပြုကာ အမိန့်အတိုင်း ခေါ်ဆောင်လာ ပြီ ဖြစ်ကြောင်းသတင်းပို့ကာ အလေးပြုနေစဉ်ပင်


"မင်းတို့ဘာကောင်တွေတုန်းကွ ဟေ့ငါမေးနေတာမကြားဘူးလား"


စူးစူးဝါးဝါးမေးမြန်းလိုက်သည်။ ဗိုလ်ချုပ်၏အသံသည် စစ်ဌာနချုပ် တစ်ခုလုံးလွှမ်းမိုးသွားသည်။
သူတို့သည်ကြောင်နေကြပြီးမှင်သက်မိသူများပမာ တစ်စုံတစ်ရာကို မပြောဝံ့ကြပေ။ သတိအနေ ဖြင့်ငြိမ်သက်စွာရပ်နေကြသည်။

"ပြောကြစမ်း၊မင်းတို့ဘာကောင်တွေတုန်း။ ငါမေးနေတာမင်းတို့မကြားဘူး လား။ ခုတင်က မင်းတို့ရယ်လားမောလားနဲ့ပြောနေကြတာတွေလေ"

ဗိုလ်ချုပ်သည်နောက်တစ်ကြိမ်စူးစူးဝါးဝါးအော်ဟစ်ကာမေးလိုက်ပြန်သည်။ အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေနှင့် အနည်းငယ် တုန်လှုပ်နေကြသည်။


"ကျွန်တော်တို့စစ်ဝတ်စုံတွေညံ့တာနဲ့ဝေဖန်မိပါတယ်ဗိုလ်ချုပ်"

ဗိုလ်ချုပ်ကိုဗိုလ်အဆင့်ရှိသူတစ်ဦးကအရဲစွန့်ပြီးဖြေကြားလိုက်သည်။

"ဘာကွ။စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။ လက်တောင်မသုတ်ချင်ဘူးဟုတ်လား ငါအကုန်ကြားတယ် မင်းတို့ဝေဖန်နေတာတွေ"

ဗိုလ်ချုပ်သည်ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှဗြုန်းခနဲထ လိုက်ပြီးတန်းစီထားသူများရှေ့သို့ တက်လာရင်း......

"မင်းတို့ငါအုပ်ချုပ်နေတဲ့ထပ်ထဲကအခုထွက်၊အလကားကောင်တွေ မင်းတို့ကိုငါနဲနဲမှအထင်မကြီးတော့ဘူး၊နွားတွေ တို့ရဲဘော်တွေ ယိုးဒယားကဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရဘယ်စစ်ဝတ်စုံတွေ ၀တ်ပြီးတိုက်ပွဲဝင်ခဲ့ကြသလဲဟင် ပြောစမ်း"

စိတ်ပါလက်ပါလက်သီးလက်မောင်းတန်းပြီးမေးလိုက်သည်။


"မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ ဟေ့တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံမရှိလို့ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာအဓိကကွ အခုတော့မင်းတို့ကကြီးကြီးကျယ်ကျယ် စကားတွေပြောလို့"


ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။


"အခုတော့တိုက်ပွဲမှကျဆုံးခဲ့တဲ့ရဲဘော်ရဲဘက်အချင်းချင်းတောင် မင်းတို့ပြောပုံသဘောထားတွေက သစ္စာဖောက်နေတဲ့အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲကထုတ်ပစ်မယ်၊ထုတ်ရမယ်"

ကြိမ်းဝါးလိုက်ပြန်သည်။


အကြိမ်းခံရသူဗိုလ်၊အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ ဒူးချင်းရိုက်ခတ်သူခတ် အတော်စိတ်ထိခိုက်နေကြသည်။ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ရင်း တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကိုခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက်လုပ်နေကာ ဗိုလ်ချုပ်သည်


"ဘာလဲကွမင်းတို့က ဂျပန်တွေကားစီးပြီး အ၀တ်ကောင်းတွေဝတ်နေတာ ကိုအားကျလို့လား။ အေးမင်းတို့မှတ်ထား။ငါတို့တပ်မတော်ဟာ ပြည်သူလူထု ရဲ့ သားသမီးတွေဆိုတာကြည့်လိုက်စမ်း။ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ် သင့်ပြီး တစ်ဖက်က ငပုတွေကတွေ့ကရာဆွဲယူ အနိုင်ကျင့် ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာမင်းတို့လို အကောင်တွေက ဇိမ်ခံချင်ကြတယ်။ ကားသစ်ကြီးတွေစီးချင်ကြတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက်အခွင့် အရေးပိုလိုချင်ကြတယ်။ လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန်မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့အကောင် မိုက်တွေက စစ်ဝတ်စုံ အကောင်းတွေဝတ်ချင်ကြတယ် မှတ်ထားအခုလိုစိတ်မျိုး အမြင် မျိုးတွေရှိနေသမျှ ငါမျှော်မှန်း ထားတဲ့ ပြည်သူ့တပ်မတော်နဲ့ တော့ ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။ မင်းတို့ ပြည်သူလူထု အတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"

ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။


"မင်းတို့နားလည်လား။စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီး တစ်ကယ် စစ်တိုက်ရတဲ့အခါမှာ စစ်ပညာကောင်းကောင်းတက်နေပြီလား။ ဘာတစ်ခုမှ မတတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးဘ၀င်မြင့်နေတဲ့ကောင်စားတွေ။မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထားကြ။ငပုတွေက မင်းတို့ကိုဆော်ဖို့အသင့်ရှိနေတယ်ဆိုတာမင်းတို့မြင်ရဲ့လား။

ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့မင်းတို့ကို ငါ့တပ်ထဲကထုတ်ရမယ်"


ဆက်လက်ပြီးဒေါနဲ့မောနဲ့ကြိမ်းလိုက်ပြန်သည်။


"မှားပါပြီဗိုလ်ချုပ်၊နောင်တရပါပြီဗိုလ်ချုပ်" အရာရှိနှစ်ဦးက ကတုန်ကယင် ဖြစ်ကာ ငိုယိုသံများဖြင့်တောင်းပန်တိုး လျှိုလိုက်ကြသည်။"


" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။မင်းတို့နဲ့ဘာခြားလို့လဲ။မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ"


ဗိုလ်ချုပ်သည် သူ၏ဟောင်းနွမ်းနေသော ၀တ်စုံကိုလက်ဖြင့် ပုတ်ပြီးပြလိုက်သည်။


"ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ်။ တောင်းပန်ပါတယ်။ ကျွန်တော်တို့အမှားကို ၀န်ချတောင်းပန်ပါရစေ။" မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် အသနားခံလိုက် ကြပြန်သည်။ ဗိုလ်ချုပ်သည် သိမ်းကြုံးပြီး ဒေါသထွက်နေသော မျက်လုံးအစုံဖြင့်တောင်းပန်နေသူများကို ၀င့်ကြည့်လိုက်ပြီး


"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။လူထုငတ်ရင်အားလုံး ငတ်မယ် လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော် ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။ အခုတော့မင်းတို့ကောင်တွေကွာ။ ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။"


ကြိမ်းဝါးလိုက်ပြန်သည်။သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကိုခံယူကြမည့်ရဲဘော်များ ဖြစ်နေကြသည်။ အခိုက်အတန့်အတွင်း အပြောမှား၊ အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ဆုံးမသြ၀ါဒများကြောင့် အမြင်မှန်ရခဲ့သည်။

"သွားကြစမ်း၊မြန်မြန်ထွက်သွား၊အကောင်ရှုပ်တွေ ကြာကြာနေရင်မင်းတို့ကိုငါ ဆော်ထည့်မိလိမ့်မယ်။"


ဗိုလ်ချုပ်က ကြိမ်းဝါးကာရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ ပါးစပ်သရမ်းမိသူများလည်း အရေးတကြီး ဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့မျက်နှာငယ်လေးများဖြင့် ထွက်ခွာသွားကြ လေတော့သတည်း...


မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်

Older Posts